"ကစော် (သို့) လှော်စာ"
ကျွန်မသိရသလောက် ကစော် (သို့) လှော်စာကို တရုတ်၊ ယိုးဒယား၊ ဗီယက်နမ်လူမျိုးတွေနဲ့ မြန်မာပြည်မှာဆို ရှမ်းပြည်၊ ရခိုင်ပြည် နဲ့ အညာဖက်မှာ လုပ်စားကြပါတယ်။ ထုံးစံအတိုင်း အစားအစာတစ်မျိုးတည်းကို နိုင်ငံမတူ၊ ဒေသမတူတာနဲ့ လုပ်နည်းလေးတွေ အနည်းငယ်ကွာခြားပါတယ်။ အချို့က ချက်ပြီးနောက်၊ အအေးခံ၊ ရေဆေး၊ ရေစစ်ထားသော ကောက်ညှင်းကို တဆေး၊ သကြားတို့ဖြင့် တစ်ခါတည်း ခပ်ဖွဖွရောနယ်ကာ ၂ ရက်၊ ၃ ရက်ခန့် ထားပြီး အချဉ်ပေါက်ရာမှ ထွက်လာသော အရည်အနည်းငယ်ဖြင့်တာ စားပါတယ်။ ကျွန်မ အခုလုပ်ထားတဲ့ လှော်စာက ဗီယက်နမ်တွေလုပ်တဲ့ နည်းကို အသုံးပြုပြီး လုပ်ထားတာဖြစ်ပါတယ်။ စလုပ်ကတည်းက သကြားမထည့်ပဲ ဆားရည်အနည်းငယ်ထည့်ကာ အချဉ်ပေါက်ပြီးနောက်မှ သကြားရည်နဲ့ ထပ်ပြီးရောတာဖြစ်ပါတယ်။ တောင်ကြီးအရှေ့ဈေးမှာ အထုပ်လေးတွေနဲ့ ရောင်းတတ်တဲ့ ကစော် နဲ့ လုပ်ပုံလုပ်နည်း အနည်းငယ်ကွာခြားမှု ရှိနိုင်ပေမယ့် အရသာကတော့ အတူတူပါပဲ။
ဘိန်းဘင်းကစော် လှော်စာအရက် လို့ပြောကြတဲ့အတွက် မစားတဲ့သူတွေရှိသလို၊ သွေးသားလှည့်ပတ်မှုကောင်းစေတဲ့အတွက် အမျိုးသမီးများကျမ်းမာရေးအတွက် အထူးသင့်တော်တယ်ဆိုပြီး စားကြတာလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိကြိုက်သလိုယူဆနိုင်ကြပါတယ်။
rice wine အနေဖြင့် သောက်ချင်လျှင် ချက်ပြီးအအေးခံထားသော ကောက်ညှင်းထဲ တဆေး (သကြားအနည်းငယ်ထည့်နိုင်ပေမယ့် ဆား နှင့် ရေ လုံးဝမထည့်ပါ။) ထည့်ကာ ခပ်ဖွဖွနယ်ပြီး လေလုံကာ သန့်ပြန်သောဗူးထဲထည့်၍ အနည်းဆုံး ၃ ပတ်ခန့်ထားပါ။ ပြီးနောက် သန့်ပြန့်သောအဝတ်စဖြင့် စစ်ပြီး ညစ်ထုတ်လုပ်လျှင် ဖြူဖြူနောက်နောက် rice wine ကိုရပါပြီ။
***... ကစော် (သို့) လှော်စာ လုပ်ရန်လိုအပ်တာလေးတွေ…
1. ကောက်ညင်းဆန် – 1 cup (250 ml)
2. ရေ – 1 cup (250 ml)
3. ဆားရည် – ရေသန့် (125 ml) ကို ဆား (ထမင်းစားဇွန်း တစ်ဝက်) ဖြင့်ဖျော်ထားပါ။
4. တဆေး (dried yeast ball) – ၁ လုံး (11 g ခန့် ) (ထောင်းပြီးနောက် ထမင်းစားဇွန်း ၁ ဇွန်းခန့်)
တဆေးကို ကြေညက်အောင်ထောင်းပြီး အတော်လေးစိပ်သော ဇကာ (ကော်ဖီစစ်) ဖြင့် အမှုန့် စစ်ထားပါ။
ရေဆေး၊ ရေစစ်ထားသော ကောက်ညင်း (1 cup) ထဲ ရေ (1 cup) ထည့်ကာ rice cooker ဖြင့် ချက်ပါ။
မပျော့လွန်း၊ မမာလွန်းသော ကောက်ညင်းသားရအောင် ကောက်ညှင်းဆန် အမျိုးအစားပေါ်မူတည်ပြီး ရေအတိုး၊ အလျှော့အနည်းငယ်ရှိနိုင်ပါတယ်။
(မိမိအဆင်ပြေရာ နည်းဖြင့်လည်း ချက်နိုင် ၊ပေါင်းနိုင်ပါတယ်။)
ကောက်ညှင်းကျက်လျှင် မီးပိတ်ကာ အိုးအဖုံးကို ချက်ချင်းမဖွင့်ပဲ ၁၀ မိနစ်ခန့် နှပ်ထားပါ။
ပြီးလျှင် ပန်းကန်ပြားတစ်ချပ်ထဲ ဖြန့်ထည့်ပြီး အအေးခံထားပါ။
အေးသွားလျှင် တဆေးမှုန့်များကို ဖြန့်ပြီး ထည့်ပါ။
ဆားရည် (ထမင်းစားဇွန်း ၄ ဇွန်း) ကိုပါဖြန့်ထည့်၍ နှံ့သွားအောင် ဇွန်းဖြင့် အနည်းငယ် မွှေရောပြီး ကျန်သည့်ဆားရည်ဖြင့် လက်ကိုစိုအောင်လုပ်ကာ ခပ်ဖွဖွနယ်ပေးပါ။
အားလုံးနှံ့သွားလျှင် လက်ကို ဆားရည်အနည်းငယ်စိုအောင်ထပ်လုပ်ပြီး ထမင်းစားဇွန်း ၁ ဇွန်းခန့် အလုံးလေးများလုပ်ကာ သန့်ပြန်သော ဇလုံ (သို့) ဗူးထဲထည့်ပါ။
ပြီးလျှင် ထိုအလုံးလေးများ အပေါ် ဆားရည် (ထမင်းစားဇွန်း ၁ ဇွန်း) ကို ဖြန့်ပြီးထည့်ပေးပါ။ (ကျန်သည့် ဆားရည်များ သွန်ပစ်ပါ။)
ထို့နောက် glad wrap ဖြင့် ဖုံးပေးပါ။ အသုံးပြုသော ဇလုံ (သို့) ဗူးတွင် အဖုံးပါလျှင် glad wrap အပေါ်မှ ထပ်ဖုံးပေးပါ။ အဖုံးမပါလျှင် glad wrap ဖြင့် ၂ ခါထပ် ဖုံးပေးပါ။။
ဖန်ဇလုံကို သုံးထားသည့်အတွက် အလင်းရောင်မဝင်စေရန်နှင့် ပိုနွေးနွေးထွေးထွေးရှိစေရန် လက်သုတ်ပဝါကြီးကြီးဖြင့် ဖုံးကာ အိမ်၏အပူဆုံးနေရာ(သို့) မီးဖိုနှင့်နီးသောနေရာတွင် ၃ ရက်ခန့်ထားပါ။ (ရာသီဥတုအပူအအေးပေါ်မူတည်ပြီး ရက်အတိုးအလျှော့ရှိပါတယ်။ )
၃ ရက်ကြာပြီးနောက် အောက်ပါပုံအတိုင်း အရည်များထွက်လာလျှင် ကစော် (သို့) လှော်စာဖြစ်ပါပြီ။
(အချဉ်ဖောက်တာဖြစ်ပေမယ့် ထမင်းသိုးနံ့လို ချဉ်စုပ်စုပ်အနံ့မထွက်ရပါ။ အနံ့လေးကမွှေးနေရပါမယ်၊ ရေပေါ် ပေါ်နေသည့် ကောက်ညင်းမှာ တစ်ခါတစ်ရံ မှိုအနည်းငယ်တက်တတ်ပါတယ်။ ဖယ်ထုတ်ပစ်ပေးရပါမယ်။၊)
***... သကြားရည် လုပ်ရန်လိုအပ်တာလေးတွေ…
1. ရေသန့် – 1 cup (250 ml)
2. သကြား – 1/4 cup (60 ml)
ရေ နှင့် သကြားကို အိုးတစ်လုံးထဲထည့်ကာ သကြားပျော်ရုံ ကျိုပြီး အအေးခံထားပါ။
အအေးခံထားသည့် သကြားရည်ကို ကောက်ညင်းလုံးများ အလုံးမပျက်အောင် နံဘေးမှ ဖြည်းဖြည်းလောင်းထည့်ပေးပါ။
ပြီးမှ ရေပေါ် ပေါ်နေသည့် ကောက်ညင်းလုံးများစိုအောင် သကြားရည်ကို ဇွန်းဖြင့်အနည်းငယ်ခပ်၍ လောင်းပေးပါ။
(ကစော် (သို့) လှော်စာဖြစ်နေပြီမို့ ကောက်ညင်းလုံးများအတွဲလိုက်လေးချိတ်ပြီး ရေပေါ် ပေါ်နေပါပြီ။)
ပြီးလျှင် glad wrap ဖြင့်ထပ် ဖုံးကာ ၁ နာရီခန့် ထားပြီးလျှင် ကစော် (သို့) လှော်စာလေး စားရန် အသင့်ဖြစ်ပါပြီ။
အေးအေးလေးစားလိုပါက ရေခဲသေတ္တာထဲ ထည့်ပြီး အေးသွားမှ စားပါ။
ကျန်သည့် ကစော်များ ရေခဲသေတ္တာထဲထားကာ ၄၊ ၅ ရက်ခန့် အတွင်း စားနိုင်ပါတယ်။
မိမိစိတ်ကြိုက်အရသာ ရပြီဖြစ်သော ကစော်ကို ဆက်ပြီးအချဉ်မပေါက်စေရန် ရေခဲသေတ္တာထဲ သိမ်းခြင်းဖြစ်ပါတယ်။
DSC00600
No comments:
Post a Comment